Local News

တတိယအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား အွန်လိုင်းမှကျင်းပ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည့် တတိယ အကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်း အနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် အွန်လိုင်းမှ Myanmar Online Expo Park ပလက်ဖောင်းအသုံးပြု၍ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊  တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ လင်ချန်းမြို့၊ ပါတီကော်မတီအတွင်းရေးမှူး၊ ကျန်းကြည်းကျိန့်၊ လင်ချန်းမြို့မြို့တော်ဝန် သုကျန့်ဟွေး နှင့် တာဝန်ရှိသူများ၊ ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့်ကုမ္ပဏီ (၄၃) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ ဖွင့်ပွဲအခမ်း အနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် လင်ချန်းမြို့ မြို့တော်ဝန်တို့က မိန့်ခွန်းပြောကြားခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရ၊ စီးပွားရေးရာဝန်ကြီးမှ ကုန်စည်ပြပွဲအား ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့ပါသည်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ စားသောက်ကုန်များ၊ ပရိဘောဂပစ္စည်းများနှင့် ရိုးရာအထည်များကို မြန်မာနိုင်ငံမှ ကုမ္ပဏီ(၃၃)ခုနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီ(၁၀) ခု၊ ပေါင်း (၄၃)ခု အွန်လိုင်းမှ ပါဝင်ပြသကြမည်ဖြစ်ပြီး   အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် http://www.myanmarexpopark.com သို့ ဝင်ရောက်၍ Visitor/Buyer Registration တွင် မှတ်ပုံတင်ဆောင်ရွက်ပြီး လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

Category: Local News